သားလေးလား သမီးလေးလား ဘယ်အချိန်ဆို သိနိုင်မလဲ
ရာသီသွေးမပေါ်ရင် ကိုယ်ဝန်ရှိနေပြီလားဆိုတာကို အရင်ဆုံး စစ်ဆေးရပါတယ်။ ကိုယ်ဝန်ရှိပြီဆိုရင် လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ပြီး ကိုယ်ဝန်ရှိနေတာ သေချာကြောင်း အတည်ပြုရပါတယ် ဒီလို အတည်ပြုပြီးပြီဆိုရင်တော့ လိုအပ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ခံယူရပါတယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ခံယူရင်း မေမေဖေဖေတို့ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတဲ့ အခိုက်အတန့်လေး ရှိပါတယ်။ ဒါကတော့ ရင်သွေးလေးက သားသားလေးလား? မီးမီးလေးလား? ဆိုတာကိုပါ။
ဒီရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေရတဲ့ အခြေလေးကို ဘယ်အချိန်မှာ သိနိုင်မလဲဆိုတာ ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်စို့နော်။
သားသားလေးလား မီးမီးလေးလား
လွယ်ထားရတဲ့ ရင်သွေးလေးက သားသားလေးလား မီးမီးလေးလားဆိုတာကို ကိုယ်ဝန်ဆောင်သွေးစစ်ဆေးမှုကနေတဆင့် ကိုယ်ဝန်ဆောင်ကာလ ၁၁ ပတ်လောက်မှာ သိရပါပြီ။ အယ်လ်ထရာဆောင်းနဲ့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလ ၁၄ ပတ်မှာ သိရမှာပါ။ အတိကျဆုံး အဖြေထုတ်နိုင်မှာကတော့ ကိုယ်ဝန်ဆောင်ကာလ၁၈ ပတ်မှာပါ။
အချင်းက နမူနာဆဲလ်ကို ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှုဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ်မှာတင် သားလေးလား သမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။ ဖန်ပြွန်သန္ဓေသား နည်းလမ်းနဲ့ ယူမယ်ဆိုရင်တော့ သန္ဓေသားကို မိခင်သားအိမ်တွင်း ပြောင်းမထည့်ခင်မှာ သိရှိနိုင်ပါတယ်။
· သွေးစစ်တဲ့နည်းလမ်း
မိခင်ရဲ့ သွေးကို စစ်ဆေးတဲ့ သွေးစစ်မှုကနေပြီး ကလေးက သားသားလေးလား မီးမီးလေးလားဆိုတာကို သိရှိနိုင်သလို ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ်မှာ သွေးစစ်တာကနေတဆင့် ကလေးမှာ ဒေါင်းရောဂါပါလာနိုင်လားဆိုတာနဲ့ အခြား ခရိုမိုဆုမ်း အခြေအနေလေးတွေကို စစ်ဆေး သိရှိနိုင်ပါတယ်။
သွေးထဲက ကျားခရိုမိုဆုမ်းပမာဏကို တွက်ချက်ပြီး ရင်သွေးလေးက သားလေးလား သမီးလေးလားဆိုတာကို ဆန်းစစ်နိုင်ပါတယ်။
· အယ်လ်ထရာဆောင်းနဲ့ စစ်ဆေးတဲ့ နည်းလမ်း
ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ထရာဆောင်း ရိုက်တဲ့နည်းလမ်းနဲ့လည်း သားလေးလား သမီးလေးလား သိရှိနိုင်ပါတယ်။ အယ်လ်ထရာဆောင်း ရိုက်တာကို ကိုယ်ဝန်ဆောင်ကာလ ၁၈ ပတ်ကနေ ၂၂ ပတ်အတွင်းမှာ လုပ်ဆောင်လို့ ရပါတယ်။ တကယ်လို့ ကလေးရဲ့ အောက်ပိုင်းကို သေသေချာချာ မမြင်ရတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကလေးက သားလေးလား သမီးလေးလားဆိုတာကို အတိအကျပြောဖို့ ခက်ပါတယ်။
ကလေးတွေရဲ့ မျိုးပွားအင်္ဂါက ကိုယ်ဝန်ဆောင်ကာလ ၆ ပတ်လောက်မှာ စတင်ဖြစ်ပေါ်တာ ဖြစ်ပြီး ကိုယ်ဝန်ဆောင် ၁၄ ပတ် မတိုင်ခင်အထိ သားလေးလား သမီးလေးလား သဲသဲကွဲကွဲ သိဖို့ ခက်ဦးမှာပါ။
· ရေမြွှာရည် စစ်ဆေးနည်း
မေမေရဲ့ ရေမြွှာရည်ကို စစ်ဆေးပြီး သားလေးလား သမီးလေးလား ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ရေမြွှာရည်က ကိုယ်ဝန်ဆောင်ကာလ ၁၅ ပတ် ကနေ အပတ် ၂၀ မှာ အပြည့်အဝ ဖွံ့ဖြိုးပါတယ်။ ဒီရေမြွှာရည်ကနေ ရင်သွေးလေးမှာ ခရိုမိုဆုမ်း မမျှတတဲ့ ကျန်းမာရေးပြဿနာပါလာနိုင်လားဆိုတာကို စစ်ဆေးနိုင်သလို သားလေးလား သမီးလေးလားဆိုတာကိုလည်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဒီစစ်ဆေးနည်းက အခန့်မသင့်ရင် ရေမြွှာရည်ပိုးဝင်တာ၊ ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်ပွားစေနိုင်တာကြောင့် ကလေးက သားလေးလား သမီးလေးလား သိချင်ရုံနဲ့ မလုပ်ဆောင်သင့်ပါဘူး။
အချင်းက နမူနာဆဲလ်ယူပြီး စစ်ဆေးနည်း (CVS)
ဒီစစ်ဆေးနည်းကို ကိုယ်ဝန်ဆောင်ကာလ အစပိုင်း ၁၀ ပတ်မှာ လုပ်ဆောင်နိုင်မှာပါ။ အချင်းကနေ နမူနာဆဲလ် ရယူပြီး သားလေးလား သမီးလေးလားဆိုတာနဲ့ ကလေးမှာ ဒေါင်းရောဂါ ဖြစ်နိုင်လားဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒီစစ်ဆေးနည်းက ကလေးက သားလေးလား သမီးလေးလားဆိုတာကို 99% အထိ တိတိကျကျ အဖြေထုတ်ပေးနိုင်တယ်ဆိုပေမယ့် အခန့်မသင့်ရင် ရေမြွှာရည်ပိုးဝင်တာ၊ ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်ပွားစေနိုင်တာကြောင့် ကလေးက သားလေးလား သမီးလေးလား သိချင်ရုံနဲ့ မလုပ်ဆောင်ဖို့ ပြောပါရစေ။
ရေးသားသူ - မွန်မွန်